Friday, 22 November 2013

“ထွန်းလင်းပါတော့ လင်းရောင်ခြည်”

တကယ်တော့ “မြန်မာပြည်” ဟာ တစ်ချိန်က စစ်အစိုးရဆိုတဲ့ မွေးစားဖခင်ကြီးအောက်မှာ ဗိုင်းကောင်းကျောက်ဖိ နေလာရတဲ့ မိန်းမပျိုလေး တစ်ဦးပါ ...။ 

ဒီလိုနဲ့ ... နှစ်တွေ ကြာညောင်း၊ အချိန်တွေ ရွေ့ပြောင်းလာကာ အချိန်တန် အရွယ်ရောက်လာချိန်မှာတော့ အိမ်နီးချင်း အဆွေသူငယ်ချင်းတွေလို ဒီမိုကရေစီ အမျိုးကောင်းသားလေး တစ်ဦးရဲ့ ရင်ခွင်ကို ခိုလှုံဖို့ရာ တောင့်တမိပါတော့တယ် ...။

မိမိရဲ့ အုပ်ထိန်းသူထံ အခါခါ ခွင့်ပန်ခဲ့သော်လည်း ... မွေးစားဖခင်ကြီးရဲ့ ခါးသီး၊ ပါးနပ်စွာ ငြင်းပယ်မှုအောက်မှာ အကြိမ်ကြိမ်နှုတ်ဆိတ်ခဲ့ရတယ်လေ ...။ လသာသော်လည်း ဗိုင်းငင်ခွင့် မရခဲ့တဲ့ ညချမ်းတွေပဲပေါ့ ...။

ဒီလိုနဲ့ ... ပြက္ခဒိန်တွေ အလီလီ ပြောင်းလဲခဲ့ပြီးနောက်မှာတော့ ... မွေးစားဖခင်ကြီးဟာလည်း အိမ်နီးချင်းတို့ရဲ့ ဖိအားပေးလာမှုပေါ် ခေါင်းကိုက်လာရပါတော့တယ် ...။ သမီးပျို အရွယ်လင့်နေပြီလေ ...။

သို့သော် ... စဉ်းစားရပြန်တယ် ...။ အကယ်၍ ဒီမိန်းမပျိုလေးကို တခြားတစ်ယောက်ယောက်နဲ့သာ လက်ဆက်ပေးလိုက်ရမယ်ဆိုရင် ... ဒီမိန်းမပျိုလေးပိုင်တဲ့ အမွေ၊ အနှစ်၊ သယံဇာတတွေကို လက်ဝါးကြီး အုပ်နေခွင့်ကနေ လက်လွတ်ဆုံးရှုံးရတော့မယ်လေ ...။ ဒီတော့ တစ်နည်း ကြံရပြန်တာပေါ့ ...။ 

နောက်ဆုံးမှာတော့ ... ထားရာနေ စေရာသွားမယ့် မိမိလက်အောက်ငယ်သားတစ်ဦးနဲ့သာ အမြန်ဆုံး လက်ဆက်ပေးပါတော့တယ် ...။ ဖိတ်ခြင်းဖိတ် ကိုယ့်အိပ်ထဲဖိတ်ပေါ့ ...။

ဒီလိုနဲ့ပဲ ... မိန်းမပျိုလေးဟာ ရုပ်သေးခင်ပွန်းရဲ့ ဦးဆောင်မှုနောက်
ခေါင်းငိုက်စိုက် လျှောက်လှမ်းခဲ့ရပါတော့တယ် ...။ ဒီနေ့ အချိန်ထိပေါ့ ...။

၉ ယောက်သော သားသမီး ထွန်းကားခဲ့ပါတယ် ...။ သို့သော် ...
၆ ယောက်သော သားသမီးက ဆိုးသွမ်းနေလေတော့ ...
၉ ယောက်လုံး လူဆိုးစာရင်းဝင်တွေ ဖြစ်ခဲ့ရပြန်ပေါ့ ...။

မွေးစားဖခင် အဖိုးဖဝါး ခြေထပ်ကြသူများဆိုလည်း မမှားပါဘူး ...။
သို့သော် ... အဖိုးထက် လက်စောင်းထက်သူများဆို ပိုမှန်မပါ့ ...။
မျိုးစေ့ မမှန်ခဲ့သည်ပဲလေ ...။

သားသမီးဆိုတာ “ရတနာ” ဖြစ်ပေမယ့် ... တစ်ခါတစ်ရံ “ရတာနာ” ဖြစ်တယ်ဆိုတာ သိလာချိန်မှာတော့ အရာရာ နောက်ကျခဲ့ပြီလေ ...။
မိမိ ခြံဝန်းထဲမှာ မီးခိုး တစ်လူလူ ပြန့်လွင့်လျက်ပေါ့ ...။

အဆွေခင်ပွန်း ရုပ်သေးကြီးကတော့ အပြုံးမပျက် နှလုံးစက်တပ်ကာ ကြိုးဆွဲရာ ယိမ်းမြဲပဲလေ ...။ ကကြိုး ထိန်းညှိသူတို့ အလိုကျပေါ့ ...။

ခုချိန်မှာတော့ ... မြန်မာပြည်ဆိုတဲ့ အိနြေ္ဒရှင်မလေးဟာ ...

မှောင်မိုက်နေတဲ့ လပြည့်ညတွေကို ကြိတ်မှိတ် ဖြတ်သန်းရင်း ... ထွန်းလင်းလာမယ့် နေရောင်ခြည်ကို စောင့်မျှော်လျက်ပေါ့ ...။


# သူရနိုင် #
နှလုံးသားမှ ခံစားချက်များအား စကားလုံးများဖြင့် ပုံဖော်မိသည် ...။

No comments: