ဗမာမွတ်စလင် နိုးကြားရေးညီလာခံကို ၁၉၄၁ခု၊ မေလ(၁)ရက်နေ့မှ
စတင်၍ကျင်းပခဲ့ပါသည်။ အဆိုပါညီ လာခံကို မေလ(၄) ရက်နေ့တွင် အာဇာနည် ဆရာကြီး
ဦးရာဇတ်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ ပါသည်။ ထိုညီလာခံတွင်ပင် ၁၉၄၁-၄၂
ခုနှစ်အတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ရွေးချယ် တင်မြှောက် ခဲ့ရာတွင်
ဥက္ကဌအဖြစ် မန္တလေးမြို့ ဗဟိုအမျိုးသားအထက်တန်းကျောင်းအုပ် အာဇာနည်ဆရာကြီး
ဦးရာ ဇတ်အား ရွေးချယ်ခဲ့ပါသည်။၁၉၄၁ခု၊ မေလ(၄)ရက်နေ့တွင် အဆိုပါညီလာခံ၌ အာဇာနည် ဆရာကြီး ဦးရာဇတ်က
သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ သဘာပတိအဖြစ် ဆောင်ရွက်စဉ်
ဆရာကြီး ဦးရာဇတ်က သဘာပတိမိန့်ခွန်း မြွက်ကြားခဲ့ပါသည်။ အဆိုပါ
မိန့်ခွန်းအပြည့် အစုံမှာ အောက်ပါ အတိုင်းဖြစ် ပါသည်။
အာဇာနည်ခေါင်းဆောင် ဆရာကြီး ဦးရာဇတ်၏ မိန့်ခွန်း
ကြက်သရေအပေါင်းနှင့် ပြည့်စုံသော ဒုတိယအကြိမ်မြောက်
မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်အဖွဲ့အစည်းများ၏ အစည်းအဝေးကြီးမှ
ဥက္ကဌအဖြစ် ကျွန်ုပ်အားရွေးချယ်ခန့်ထားခြင်းကို မြန်မာမွတ်စလင်အချင်းချင်း
ပေးအပ်ချီးမြှင့်နိုင်သော ဂုဏ်ဒြပ်အပေါင်းတွင် အကြီးဆုံးဂုဏ်ဒြပ်ဟု
အောက်မေ့မိပါသည်။
ဤသို့ ချီးမြှင့်အပ်သော ၀တ္တရားကို ကျွန်ုပ်သည် အလ္လာအရှင်မြတ်၏
အလိုတော်နှင့် ကျွန်ုပ်၏ စွမ်းအားရှိသမျှဆောင်ရွက်ပါမည်။
ယင်းသို့ဆောင်ရွက်ရာတွင် ကြွရောက်တော်မူကြကုန်သော
ကိုယ်စားလှယ်အပေါင်းတို့ကလည်း ကူညီထောက်ပံ့ကြလိမ့်ဟု ယုံကြည်ပါသည်။
ပါတီဂိုဏ်းဃနအစည်းအဝေးမဟုတ်
ကျွန်ုပ်သည် ဤအစည်းအဝေးကြီး၏ ဥက္ကဌမိန့်ခွန်းကို မြွက်ကြားရန်
စီစဉ်ရာတွင် ဆင်ခြင်မိသည်ကား ဤအစည်းအဝေးကြီးသည် မြန်မာပြည်တွင်
မကြာခဏပြုလုပ်နေကြသည့် နိုင်ငံရေးပါတီ အစည်းအဝေးကြီးလော့။ နိုင်ငံရေးပါတီ
အစည်းအဝေးကြီးမဟုတ်ပါပေ။ အဘယ့်ကြောင့်ဆိုသော်
ကျွန်ုပ်တို့အစည်းအဝေးကြီးတွင် ဆင်းရဲသားဝါဒကို နှစ်သက်၍
ဆင်းရဲသားပါတီဝင်များလည်း ပါဝင်ကြသည်။ ဒို့ဗမာအစည်းအရုံးအဖွဲ့ဝင်
မြန်မာမွတ်စလင်များလည်း ပါဝင်ကြသည်။ မျိုးချစ်ပါတီဝင် မွတ်စလင်များလည်း
ပါဝင်ကြသည်။ ကျန်အခြားဂိုဏ်းသား မွတ်စလင်များလည်း ပါဝင်ကြသည်။
ထို့ကြောင့် ယခုအစည်းအဝေးကြီးသည် နိုင်ငံရေးပါတီဂိုဏ်းဂန အစည်းအဝေးမျိုး
မဖြစ်နိုင်ပေ။ ဤသို့ဆိုလျှင် ကျွန်ုပ်တို့၏ အစည်းအဝေးကြီးသည်
မည်သို့သဘောရှိသော အစည်းအဝေးကြီးပေနည်း။ မြန်မာတနိုင်ငံလုံးရှိ ဆင်းရဲသူ၊
ဆင်းရဲသားများ၊ ချမ်းသာသူများ၊ အလုပ်သမားများ၊ လယ်သမားများ၊ ပညာတတ်များ၊
အစိုးရအမှုထမ်းများ၊ မွတ်စလင်လူကြီးလူငယ် လူလတ်တန်းစားများ၊
ကုန်သည်ပွဲစားများ အားလုံးပါဝင်သော မြန်မာတနိုင်ငံလုံးရှိ မွတ်စလင်ထု
တစ်ရပ်လုံး၏ အစည်းအဝေးကြီး ဖြစ်ပါသည်။
ယခုကြွရောက်လာသော မင်းမိန်းမ၊ မင်းယောက်ျား ပရိတ်သတ်ထဲတွင် အချို့က
အဖနိုင်ငံခြားသားများ ဖြစ်ကြပေလိမ့်မည်။ အချို့ကား အဘိုးသာလျှင်
နိုင်ငံခြားသား ဖြစ်ပေလိမ့်မည်။ အချို့ကားဘေး၊ အချို့ကား ဘီ၊ အချို့ကား
ဘင်သာလျှင် နိုင်ငံခြားသား ဖြစ်ပေလိမ့်မည်။ အချို့ကား နိုင်ငံခြားသားသွေး
လုံးဝခမ်းခြောက်ပြီး၊ မြန်မာလူမျိုး မွတ်စလင် စင်စစ်ဖြစ်ပေတော့သည်။
မှန်စီရွှေချဗလီ
မြန်မာမွတ်စလင်တို့မှာ မြန်မာမင်းအဆက်ဆက်တို့က ချီမြှင့်မြှောက်စား
သဒ္ဒါခြင်းခံရ၍ ကုန်းတပ်၊ အမြောက်တပ်များကို အုပ်ချုပ်လျှက်
သက်စွန့်ကြိုးပမ်းအမှုတော်ကို ထမ်းဆောင်ခဲ့ကြသော လူမျိုးများ ဖြစ်ခဲ့ကြ၏။
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် ရန်သူများကို ဖြိုဖျက်ရန်အတွက်
ဤမြန်မာမွတ်စလင်များကို အမှုတော်ထမ်းစေခဲ့၏။
မြန်မာမွတ်စလင်တို့ကလည်း အလုံးအရင်းနှင့် ဘုရင်မင်းမြတ်၏
ကျေးဇူးတော်သစ္စာကို စောင့်သိရိုသေစွာ အမှုတော်ထမ်းခဲ့ကြသဖြင့် မြေဒူးနယ်၌
မှန်စီရွှေချဗလီကြီးများကို ဘုရင်းမင်းမြတ်က ဆောက်လုပ်ချီးမြှင့်
ပေးသနားတော် မူခဲ့ခြင်းဖြစ်၏။ ယင်းကဲ့သို့ နှစ်ပရိစ္ဆေဒ အဓွန့်ရှည်စွာ
မြန်မာဗုဒ္ဓဘာသာဝင်များနှင့် ဆိုးတူကောင်းဖက် ဘုရင့်အကျိုး၊
တိုင်းပြည်အကျိုးကို သယ်ပိုးထမ်းဆောင်လာခဲ့ကြသော မြန်မာမွတ်စလင်များ
ဖြစ်ကြပါသည်။ ယင်းမြန်မာမွတ်စလင်များကို လွန်ခဲ့သော ၁၃၀၀ ပြည့်နှစ်
(ခရစ်နှစ် ၁၉၃၈) တွင် အမှိုက်ကစ ပြဿမီးလောင်ဆိုသလို တိမ်ငုတ်နေသော
စာအုပ်ဟောင်း၊ စာအုပ်စုတ်တအုပ်ကို ယိုးမယ်ဖွဲ့ကာ
နိုင်ငံရေးသွေးစုတ်သူများတို့၏ ပယောဂကြောင့် အဓိကရုဏ်းဖြစ်ခဲ့ ကြရသည်။
မြန်မာမွတ်စလင်တို့မှာ စိတ်မချမ်းမသာဖြစ်ခဲ့ရသည်။ ဥစ္စာပစ္စည်း
ဆုံးရှုံးနစ်နာသည်အထိ ဖြစ်ခဲ့ရသည်။ ရှေးအခါက လုပ်ဖော်ကိုင်ဖက်
အပေါင်းအသင်းဟောင်းအချင်းချင်းတို့၏ မေတ္တာစိတ်ဓါတ် မေ့လျော့လျှက်
မြန်မာပြည်တွင် စီးပွားရှာရန် မနေ့တနေ့က ရောက်လာကြသော နိုင်ငံခြားသား
သူစိမ်းပြင်ပြင် ပြုလုပ်ထင်မှတ်ခြင်း ခံရသည်ကို ပိုမိုနှစ်နာကြ၏။
ကျွန်ုပ်တို့သာလျှင် စိတ်မချမ်းမသာဖြစ်ရသည်မဟုတ်။ တိုင်းပြည်၏ ရာဇ၀င်ကို
သိရှိ၍ နိုင်ငံရေးအမြင်ကျယ်သော ဗုဒ္ဓသာသာခေါင်းဆောင်များလည်း
စိတ်အပျက်ကြီးပျက်ခဲ့ရ၏။ ကျွန်ုပ်တို့၏ ထင်မြင်ချက်က ထို၁၃၀၀ခုနှစ်က
အဓိကရုဏ်းသည် ဤအစည်းအဝေးကြီးကို ဖြစ်ပေါ်စေသော အကြောင်းများအနက်
တစ်ချက်ဖြစ်သည်။ ထိုကဲ့သို့ အချင်းချင်းအထင်မှား၊
အမြင်မှားသွေးခွဲခြင်းကိုကာကွယ်ရန် အထူးလိုအပ်ပါသည်။
ဤနှစ်ကျင်းပလျှက်ရှိသော မြန်မာမွတ်စလင်များ၏ အစည်းအဝေးကြီး၏ ရည်ရွယ်ချက်ကား
အဘယ်နည်းဆိုသော ပုစ္ဆာပေါ်ပေါက်လာ၏။
သွေးခွဲအုပ်ချုပ်သောစနစ်
အမြတ်ထုတ်လိုသူ သွေးစုတ်တချို့က “ယခုခေတ်ဟာ
ရှေးခေတ်(ရှေးမြန်မာဘုရင်များခေတ်) မဟုတ်တော့ပြီ။ ယခုမင်းကား
(ရှေးမြန်မာဘုရင်မင်းမြတ်များ) မဟုတ်တော့ပြီ။ ယခုအုပ်ချုပ်ပုံစနစ်ကား၊
ရှေးစနစ်မဟုတ်တော့ပြီ။ ဘုရာမင်းမြတ်များ၏ ကျေးတော်မျိုး၊
ကျွန်တော်မျိုးများဖြစ်ကြကုန်သော “ပသီလူမျိုး” တို့သည် ရပ်ခြားတိုင်းပြည်
တပါးဖြစ်သော ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာမြို့တော်မှာ မျက်နှာညိုးငယ်စွာ
ပင်ပန်းချိနဲ့မည်ကို ပူပင်၍ ဒေါင်းတံဆိပ်ဇရပ်ကို မက္ကာမြို့တော်တွင်
ထုတ်လုပ်ချီးမြှင့် ပေးသနားတော်မူသော ပဉ္စသံဃာယနာတင်
မင်းတရားကြီးမရှိတော့ပြီ”။
“ယခုအုပ်ချုပ်သောစနစ်ကား ပသီလူမျိုးတို့၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းရန်၊
ပသီလူမျိုးကို ၀န်ထမ်းခန့်သော နည်းစနစ်မဟုတ်၊ နိုင်ငံခေါင်းဆောင်များက
အစဉ်သတိပေးလျှက်ရှိသည့် လူမျိုးချင်းသွေးခွဲအုပ်ချုပ်သော (Divide and rule
policy) စနစ်ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်ကား
တိုင်းရင်းသားလူမျိုးချင်း သွေးခွဲအုပ်ချုပ်မှုကို
တားဆီးဆောင်ရွက်ရန်ဖြစ်၏”။
ထို့ပြင် လူတို့မည်သည် ဂုဏ်ရှိသောသူ၊ ပစ္စည်းဓန ကုန်လုံကြွယ်ဝသောသူ၊
အင်အားကြီးမားသော သူများကိုသာ ခေါ်ချင်၊ ပြောချင်၊ ပေါင်းသင်းချင်၊
ဆက်ဆံချင်၊ ဆွေးမျိုးတော်စပ်ချင်သော စိတ်အာသီသရှိကြောင်းကို ကျွန်ုပ်တို့
သိရှိရမည်ဖြစ်၏။
မြန်မာမွတ်စလင်တို့သည် မညီညွှတ်သော ကသီလင်တ၊ တကွဲတပြားရှိနေပါလျှင်
မည်သူမျှ ဂရုစိုက် အသိအမှတ်ပြုမည် မဟုတ်။ သို့ဖြစ်ခြင်းကြောင့် ဤအစည်းအဝေးက
ဤချို့ယွင်းချက်ကို လျစ်လျူရှုမထားသင့်။ အားကြိုးမာန်တက် ဆောင်ရွက်ရန်
ဂရုပြုထိုက်၏။
ကျွန်ုပ်သည် အထက်တွင် ဖော်ပြခဲ့ပြီးအတိုင်း အလောင်းဘုရားဦးအောင်ဇေယျသည်
ရန်သူများကို ဖြိုခွင်းပြီး မြန်မာအင်ပါယာနိုင်ငံတေ် ထူထောင်ရာ၌
မြေဒူး(၇)ရွာမှ ပသီမွတ်စလင် စစ်သည်တော်များကို အလုံးအရင်းနှင့်
စစ်မှုထမ်းစေခဲ့သည်။
စစ်သားအမျိုး
ထို့ပြင် ဘကြီးတော်ဘုရားလက်ထက် မဟာဗန္ဓုလ စစ်သူကြီးသည် အင်္ဂလိပ်တို့နှင့်
ယှဉ်ပြိုင်တိုက်ခိုက်သည့် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲတွင်
ဒို့ဗမာမွတ်စလင်တွေဟာ ရဲမက်စစ်သည်တော်များအဖြစ် အမှုထမ်းခဲ့ကြ၏။
ဒို့ပသီလူမျိုး ဗမာမွတ်စလင်များသည် စစ်ရေးစစ်ရာ၌ နှစ်ပရိစ္ဆေဒ အဓွန့်ရှည်စွာ
အခါသမယမှ ရင်းနှီးဆက်ဆံ လေ့လာလိုက်စား ၀ါသနာထုံခဲ့သည်ကို ရာဇ၀င်တို့၌
သက်သေထင်ရှား ရှိခဲ့ပေသည်။
ထို့ပြင် ထူးခြားစွာတင်ပြရလျှင် မန္တလေးရွှေ့မြို့တော်ကို ရှုကြပါ။
ဒို့ဗမာမွတ်စလင်တို့ ယနေ့တိုင်နေထိုင်ကြသည့် ရပ်ကွက်များ၏ အမည်နာမများကို
ဆင်ခြင်တော်မူကြပါကုန်။
ဘုရင့်အမြောက်တပ်တွင် အမှုထမ်းခဲ့ကြသူ အမြောက်တပ်သားများ၏ နေရသည်
အမြောက်တန်းဖြစ်၏။ ဘုရင့်ဗုံးတပ်တွင် အမှုထမ်းခဲ့သော
ဒို့မြန်မာမွတ်စလင်များ၏ နေရာသည် ဗုံးအိုးရပ်ကွက်ဖြစ်၏။
ဒို့မြန်မာမွတ်စလင်တို့ နေထိုင်ခဲ့ကြသည့် စင်္ကြာနွယ်စင်အရပ်ကား
စင်္ကြာအမြောက်တပ်သားများ၏ အရပ်တည်း။ မြန်မာဘုရင်မင်းမြတ်များ၏
ယုံကြည်မှုတည်းဟူသော ဂုဏ်ကိုရရှိ၍၊ မြန်မာဘုရင်မင်းမြတ်များ၏
အသက်စည်းစိမ်နှင့် နေပြည်တော်ကို သက်စွန့် ကြိုးပမ်းကာကွယ်ရန်
ခန့်အပ်ခြင်းခံရသော ဒို့မြန်မာမွတ်စလင်များ၏ နေထိုင်ရာအရပ်သည်
ကိုယ်ရံတော်အရပ်အဖြစ် ယခုတိုင် ထင်ရှားတည်ရှိ၏။
ဤမျှမက ထင်ရှားလှသည်များမှာ ဒို့မြန်မာမွတ်စလင်တို့သည်
ရှေးမင်းများလက်ထက်က စစ်မှုရေးရာဝါသနာထုံ၍ စစ်ပညာ၌ ကျင်လည်ခဲ့သော်လည်း
ယခုအခါဒို့မြန်မာမွတ်စလင်များမှာ (နယ်ချဲ့)အင်္ဂလိပ်အစိုးရလက်ထက်
အရှိန်မှေးမှိန်နေခိုက်ဖြစ်သည်။ ယခုအခါ ချင်း၊ ကချင်၊ ကရင်တို့သာ
စစ်တပ်များတွင် လက်ခံ၍ ဒို့မြန်မာမွတ်စလင်များကို လွယ်လွယ်ကူကူ
လက်ခံဝင်ခွင့်မပြုသည်ကား ၀မ်းနည်းဖွယ်ရာဖြစ်၏။ အင်္ဂလိပ်အစိုးရမင်းတို့
အမြင်မကျယ်ရာလည်းရောက်၏။
လူနည်းစု ပြဿနာလုံးဝမပေါက်ထိုက်
ထို့ပြင် ၀မ်းနည်းဖွယ်ရာတရပ်ကား ဤမျှလောက်မြန်မာဘုရင်များအကျိုး၊
တိုင်းပြည်အကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့ကြသော မြန်မာမွတ်စလင်တို့အတွင်းမှ
ယခုလက်ရှိ အောက်လွှတ်တော်တွင် မြန်မာမွတ်စလင် တစ်ဦးတယောက်မျှ
မပါရှိခြင်းပင်ဖြစ်၏။
ဘိလပ်မျက်မှာစုံညီ အစည်းအဝေးတက်ရောက်ရန် ရွေးချယ်ခြင်းခံရသော
ယခုလွှတ်တော်အမတ်ကြီး မြန်မာမွတ်စလင် ဦးအောင်သင်းသည်
မြန်မာမွတ်စလင်တို့အဖို့ သီးသန့်နေရာရရှိရန် အားတက်သရောမတောင်းဆိုခဲ့ပါ။
ကျွန်ုပ်ကိုယ်တိုင်လည်း လူများစုအခြေအနေမှ လူနည်းစုအခြေအနေရောက်ခြင်းကို
မနှစ်မြို့ပါ။ အခြားလူနည်းစုများအခြေအနေမှ လူနည်းစုအခြေအနေရောက်ခြင်းကို
မနှစ်မြို့ပါ။ အခြားလူနည်းစုများကို သီးသန့်နေရာပေးသကဲ့သို့
မြန်မာတိုင်းရင်းသား မွတ်စလင်များကိုလည်း သီးခြားနေရာပေးရန် ကျွန်ုပ်တို့၏
ကိုယ်စားလှယ်ကြီး ဦးအောင်သင်းက မကြိုးပမ်းခဲ့ပါ။
ဦးအောင်သင်းယူဆ သကဲ့သို့ ကျွန်ုပ်တို့၏ အယူအဆကလည်း မြန်မာနိုင်ငံတွင် လူနည်းစုပြဿနာ လုံးဝမပေါ်ပေါက်ထိုက်ပေ။ ကျွန်ုပ်တို့က ၁၉၄၁ ခု၊ သန်းခေါင်စာရင်းအရာ မြန်မာမွတ်စလင်တို့၏ လူဦးရေစာရင်းကို သီးခြားကောက်ခံရန် တောင်းဆိုရာ၌ ဤလူနည်းစုပြဿနာနှင့် သီးခြားရွေးကောက် ခွင့်ပေးခြင်းကို ပပျောက်စေရန် ရည်ရွယ်ခဲ့သည်။
ဒီမိုကရေစီ အခြေခံအုတ်မြစ်
ဦးအောင်သင်းယူဆ သကဲ့သို့ ကျွန်ုပ်တို့၏ အယူအဆကလည်း မြန်မာနိုင်ငံတွင် လူနည်းစုပြဿနာ လုံးဝမပေါ်ပေါက်ထိုက်ပေ။ ကျွန်ုပ်တို့က ၁၉၄၁ ခု၊ သန်းခေါင်စာရင်းအရာ မြန်မာမွတ်စလင်တို့၏ လူဦးရေစာရင်းကို သီးခြားကောက်ခံရန် တောင်းဆိုရာ၌ ဤလူနည်းစုပြဿနာနှင့် သီးခြားရွေးကောက် ခွင့်ပေးခြင်းကို ပပျောက်စေရန် ရည်ရွယ်ခဲ့သည်။
ဒီမိုကရေစီ အခြေခံအုတ်မြစ်
မြန်မာပြည်တွင် လက်ရှိအုပ်ချုပ်ရေးစနစ်သည်ကား ဒီမိုကရေစီနစ်ဖြစ်သည်။
ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်ကား ပြည်သူ့ဆန္ဒသာလျှင်ဖြစ်၏။ ပြည်သူ့ဆန္ဒကို
တန်ဖိုးထားလျှင် ကိုယ်စားလှယ်နှင့်တကွ အုပ်ချုပ်မှုသည်လည်း တန်ဖိုးရှိသည်။
မြန်မာမွတ်စလင်တို့၏ မဲဆန္ဒများကား မြန်မာပြည်အနှံ့အပြားရှိတိုင်းအလိုက်၊
ခရိုင်အလိုက်၊ မြို့နယ်အလိုက် အစုလို အပြုံလိုက် ရှိနေကြသည်။
ထိုဆန္ဒများကို ရနိုင်အောင်၊ ယခုကွန်ဖရင့်အစည်းအဝေးက စီမံခန့်ခွဲနိုင်၏။
သို့စီမံခန့်ခွဲနိုင်သော အခြေအနေရှိလျှင် မြန်မာမွတ်စလင် အမတ်များလည်း
ရွေးချယ်ပိုင်ခွင့် ရမည်ဖြစ်။ မြန်မာမွတ်စလင်အမတ် မရနိုင်သော နယ်မြေများ၌
မြန်မာမွတ်စလင်တို့၏ အကျိုးကို စောင့်ရှောက်ပေးမည်ဆိုသည့် အာမ၀န္တာခံယူသော
အမတ်များသော်လည်း စေလွှတ်နိုင်ရန် အကြောင်းရှိ၏။
နိဂုံးချုပ်အနေဖြင့် ပြောလိုသည်ကား မြန်မာပြည်တွင်
အယူဝါဒကွဲပြားခြင်းကို အကြောင်းပြ၍ လူမျိုးစည်းလုံးညီညွှတ်မှု၊
တိုင်းပြည်တိုးတက်ချမ်းသာမှုတို့ကို မပျက်စီးစေသင့်ပါ။ သဘောထားကြီးခြင်း၊
တိုင်းပြည်ကိုချစ်ခြင်း စသော မေတ္တာတရားတို့ဖြင့် လူမျိုးစည်းလုံးမှုကို
ဖြစ်စေလျှက် ငါကား သူနှင့်မတူ၊ သီးခြားလူမျိုးဟူသော စိတ်ထားကို
တိုင်းပြည်နှင့်လူမျိုးအတွက် ဖိနှိပ်ထားရမည်။ ငါတို့သည် လူမျိုးအားဖြင့်
မြန်မာ၊ ဘာသာအားဖြင့် အစ္စလာမ်၊ နေထိုင်ဌာန မြန်မာပြည်၊ သယ်ပိုးရန်ကိစ္စ
မြန်မာ့အကျိုးဟူ၍ စွဲစွဲလန်းလန်း မှတ်ယူ၍ ကြိုးစားဆောင်ရွက် ကြရန်ဖြစ်၏။
(ဆရာကြီး မိန့်ခွန်း ဆုံး၏။)
No comments:
Post a Comment