Thursday, 14 November 2013

အမုန်းမီးတောက်တွေ

အမုန်းတွေတောက်လောင်
လောင်စာရန်ညှိုးမီးဆက်၍ပျိုးသူတွေကလည်းများပါဘိသနဲ့
ကိုယ်က လူမျိုးစွဲဘာသာစွဲမရှိဘူး
တကယ်စွဲလန်းမိတဲ့ ညီမလေး ရိုစီတာကလွဲလို့
အတတ်နိုင်ဆုံးအစွဲကင်းပြီး ငြိမ်းချမ်းရေးကိုလိုလားတယ်
ကမ္ဘာကြီးက အချိန်မှန်လည်ပတ်နေတယ်
မြစ်တွေကလည်းစီးနေတုန်းပဲ
ရေစီးကသန်တယ် .
မကြားဘူးတာတွေကြားနေရတဲ့ နားကို အားနာတယ်
ဒါဏ်ရာရနေတဲ့ နှလုံးသားနဲ့ ကဗျာဖန်တည်းရတာလည်း အားနာတယ်
မြို့ကလေးမှာ နှလုံးသားကျကျန်ရစ်တယ် ဆိုတဲ့ ငယ်ချစ်ဦးကိုလည်း အားနာတယ်
အုံ့မှိုင်းညှို့ဆိုင်းနေတဲ့ မိုးကောင်ကင်ကြီးက မျက်ရည်တွေနဲ့ ပဲကြေကွဲလိုက်ပါတယ်
လရောင်ဝေးခဲ့တဲ့ နှစ်တွေ
ပန်းရနံ့မသင်းနိုင်တဲ့ လေညှင့် သွဲ့သွဲ့
မီးခိုးရနံ့တွေလည်း နာကြည်းစွာရှိုက်မိခဲ့တယ်
တခါက လရောင်လမ်းမှာ လက်ချင်းချိတ်ခဲ့ဖူးတာတွေ
ကဗျာချိုအေးနဲ့ တေးသီခဲ့တဲ့ တနင်္ဂနွေ ရက်တွေ
နဂိုကမှ ခံနိုင်ရည် နည်းရတဲ့ ကြားထဲ အလွမ်းမုန်တိုင်းက တိုက်လာပြန်တယ်
ပန်းမ၀တီမြစ် က ဗေဒါတွေကို သယ်သွားတယ်
ငါ့အလွမ်းကို တိုက်စား သယ် မသွားနိုင်ဘူး
ညီမလေးရေ
ရိုစီတာရေ
ငါမုန်းနေတာ ကျင့်ဝတ်မရှိတဲ့ မီဒီယာသမားယောင်ခြောက်ဆယ်
ဖြိုခွဲရေးသမားတွေ ပါပဲကွယ်။
ထက်ဝေး

No comments: