Sunday, 1 December 2013

အပြောလျှော့ အလုပ်ပိုလုပ်ရမဲ့အချိန်ရောက်ပြီ

မြန်မာမွတ်စလင်တွေဟာ အကောင်းတွေထဲက အကောင်းဆုံးကို ရွေးခွင့်ရနေသူတွေ မဟုတ်ဘူး။ အဆိုးတွေထဲက အဆိုးအနည်းဆုံးကိုတောင် ခက်ခက်ခဲခဲ ကြပ်ကြပ်တည်းတည်း ရွေးနေရသူတွေဖြစ်တယ်။

လောကမှာ ထောက်ပြစရာ အားနည်းချက် လုံးဝမရှိ စင်းလုံးချော၊ အပြစ်အနာအဆာ ကင်းစင်တဲ့ အားလုံးကလည်း ကြိုက်တဲ့အဆို/ အလုပ်ဆိုတာ မရှိဘူး။ မရှိတာကို မရှာဖွေကြပါနဲ့။

ဒါကြောင့် ထောက်ပြစရာတွေကို ထောက်ပြသင့်သလောက် ထောက်ပြပြီးရင် ထောက်ပြတာတွေကို ရပ်၊ ဆုံးဖြတ်ချက်ချရ၊ အလုပ်လုပ်ရမဲ့ အချိန်ကို ရောက်လာနေပြီ။

ပထမအဆင့်မှာ ကိုယ့်ကိုကိုယ်မေးရမဲ့ မေးခွန်းက ကျနော်တို့သည် မြန်မာမွတ်စလင်ဆိုတဲ့ ဂေဇက်ဝင် တိုင်းရင်းသားလူမျိုးအုပ်စုထဲမှ ပါသလား။ မပါဘူးလား။ ဆက်ပါချင်သေးလား။ မပါချင်တော့ဘူးလားဆိုတဲ့ မေးခွန်းဖြစ်တယ်။
ကိုယ့်ကိုကိုယ် ငါတို့ဟာ မြန်မာမွတ်စလင်ဆိုတဲ့ တိုင်းရင်းသားတွေဖြစ်တယ်။ မူလ မွေးရာပါ တိုင်းရင်းသားအခွင့်အရေးကို ပြန်ရသင့်တယ်။ ပြန်ရအောင် ညီညီညွတ်ညွတ် တောင်းဆိုရမယ်ဆိုတာကို လက်ခံသူတွေက မိမိလက်ခံတဲ့လမ်းကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ဆက်လျှောက်ကြဖို့ဘဲ။ လက်မခံသူတွေကို လက်မခံရကောင်းလားဆိုပြီး အပြစ်ဆိုဖို့ မလိုပါဘူး။

လက်မခံသူတွေက မိမိနှစ်သက်ရာ လမ်းကိုရွေးကြပါ။ စူရတီ၊ ကျိုလီယာ၊ မေမန်၊ ပထန်၊ ကုလား၊ ဗမာစသဖြင့် ကြိုက်ရာကို ရွေးနိုင်ကြပါတယ်။ သန်းခေါင်စာရင်းမှာ ကြိုက်တဲ့နာမည်ကို ထည့်သွင်းကြပါ။ လေးစားပါတယ်။ အမုန်းမပွါးပါဘူး။ ချစ်ခင်လက်တွဲလျှက်ပါ။ သိုသော် မိမိနှင့် အမြင်မတူသူတွေကို မတိုက်ခိုက်ကြပါနဲ့။

ဒီနေရာမှာ ကျနော်တို့သည် မြန်မာမွတ်စလင်ဆိုတဲ့ တိုင်းရင်းသားလူမျိုးစုထဲမှာ ပါဝင်တယ်။ ဆက်ပြီးတော့လည်း တလုံးတစည်းတည်း သီးခြားအမည်တစ်ခုအောက်မှာ ရပ်တည်ချင်ပါတယ်ဆိုတဲ့ သူတွေအတွက်ကိုဘဲ ဆက်ဆွေးနွေးလိုပါတယ်။

မြန်မာမွတ်စလင်ဆိုတာ တိုင်းရင်းသားဖြစ်ခဲ့သော်လည်း လူမျိုးအမည်နဲ့ ဘာသာရေးတွဲစပ်နေလို့ ဆက်ရွေးချယ်ဖို့ မဖြစ်နိုင်ဘူးဆိုတာကိုလည်း မြင်ကြပါ။ မသိသူတွေက မြန်မာမွတ်စလင်ဆိုတဲ့အမည်ကို မသိလို့ ကြိုက်ကြသေးတယ်ဆိုရင်တောင် သိသူတွေက ရှင်းပြဖို့ တာဝန်ရှိတယ်။ ဒါကြောင့် ဒုတိယအဆင့်မှာ အမည်သစ်တစ်ခု ရွေးရပါမယ်။

အမည်သစ်ဖြစ်ဖြစ် အမည်ဟောင်းဖြစ်ဖြစ် သူတို့လက်ခံမလားဆိုတာကို မစဉ်းစားကြပါနဲ့။ သူတို့က အမည်ဟောင်းကို လက်မခံလို့ ပယ်ဖျက်ခဲ့သလို အမည်သစ်ကိုလည်း လက်ခံမှာ မဟုတ်ပါဘူး။ သူတို့ လက်ခံလာအောင် လုပ်ရမှာရ ကျနော်တို့ တာဝန်ဖြစ်ပါတယ်။ သူတို့လက်ခံအောင် မလုပ်ခင် ကျနော်တို့ လက်ခံနိုင်တဲ့ အမည်တစ်ခုကို တညီတညွတ်တည်း ရွေးချယ်နိုင်ရပါမယ်။ မုန့်ဆီကျော်က ဘယ်နေမှန်း မသိ၊ နှုပ်ခမ်းနာက တည့်ပါ့မလား လုပ်နေလို့ မရဘူး။

ဒါကြောင့် အမည်တစ်ခုရွေးရပါမယ်။ ဒီနေရာမှာ အမည်သစ်အဖြစ် ကုဗ၊ အိန်မာစသဖြင့်ကို အသစ်တည်ထွင် ရွေးယူတာထက်စာရင် သမိုင်းဝင်အမည်တစ်ခုကို ရွေးချယ်ခြင်းက ပိုသင့်တော်မယ်ဆိုတာကို အထူးရှင်းပြစရာလိုမယ် မထင်ပါဘူး။ ဒီလိုထောက်ပြချက်မျိုးကို လက်မခံနိုင်သူများကလည်း မိမိကြိုက်တဲ့လမ်း မိမိတို့ လျှောက်ကြပါ။ ငြင်းခုန်ရမဲ့အချိန် မဟုတ်တော့ပါဘူး။

မြန်မာမွတ်စလင်ဆိုတဲ့ အမည်ကို မရွေးချယ်နိုင်တာကြောင့် ကျန်တဲ့သမိုင်းဝင်အမည်တွေဖြစ်တဲ့ ကုလား၊ ဇေတဘာဒီ၊ ပသီဆိုတဲ့ အမည်တွေထဲက တစ်ခုကို ရွေးချယ်ရပါမယ်။ ဒါကြောင့် ပသီကိုဘဲ ရွေးသင့်တယ်လို့ ကျိုးကြောင်းဆီလျှော်စွာ စဉ်းစားခြင်းဆိုတဲ့ အသိက ဆိုပါတယ်။

ဒါကြောင့် ဘာမှ မြန်မာမွတ်စလင် (ခေါ်) ပသီလည်း လုပ်မနေပါနဲ့။ မြန်မာမွတ်စလင်ဆိုတဲ့ စကားလုံးက လူ့အဖွဲ့အစည်းနာမည်သာဖြစ်ပြီး လူမျိုးတစ်မျိုးရဲ့ အမည်အဖြစ်က အနာဂတ်မရှိတော့တာလည်း သိနေကြတာဘဲဟာကို။

တစုတစည်းတည်း အမည်တစ်ခုအောက်မှာ ရပ်တည်လိုတဲ့ မြန်မာမွတ်စလင်အုပ်စုကတော့ သန်းခေါင်စာရင်းမှာ ပသီဆိုတဲ့ အမည်တစ်ခုတည်းကိုဘဲ ထည့်သွင်းရေးကို ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း လုပ်ဆောင်ကြဖို့ လိုပါပြီ။

အောင်တင်
၁၊ ၁၂၊ ၂၀၁၃

1 comment:

patreicewahab said...

Black Titanium Wedding Band & Casino
Black Titanium titanium iv chloride Wedding Band titanium hair trimmer as seen on tv & Casino – We titanium build offer titanium bolts an unforgettable experience burnt titanium of luxury, comfort and energy! · All Black Wedding Band & Casino – The Wedding of