Friday, 13 December 2013

ကျွန်တော်က အစိုးရမဟုတ်တော့ ပသီအမျိုးသားများ၊ ပသီလူမျိုးဖြစ်တယ်ဆိုတာ အသိအမှတ်ပြုမပေးနိုင်တာကို ကျွန်တော်ဝမ်းနည်းပါတယ်။ကျွန်တော်က မန္တလေးတက္ကသိုလ် သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းပါ။

“ဒေါက်တာသန်းထွန်းပြောသော ပသီလူမျိုး” လွန်ခဲ့သော ၁၉၆၈ ခုနှစ်၊ မဆလခေတ် အစောပိုင်းလောက်က မန္တလေးမြို့၊ ဝင်းလိုက်ရုပ်ရှင်ရုံရဲ့ တောင်ဘက်ကပ်လျက် အောင်ဇေယျာလက်ဖက်ရည်ဆိုင်မှာ စာပေပညာရှင်များ၊ နိုင်ငံရေးသမားများ၊ တက္ကသိုလ်ကျောင်းဆရာများ၊ မြို့မတီးဝိုင်းက အနုပညာရှင်များ၊ မန္တလေးက မြို့မိမြို့ဖများ အဆိုပါလက်ဖက်ရည်ဆိုင်မှာ စတည်းချပြီး လက်ဖက်ရည်သောက်ရင်း ငြင်းကြခုံကြ ဆွေးနွေးကြတာကို ကျွန်တော် တော်တော် သဘောကျတာကြောင့် အဆိုပါဆိုင်ကို မကြာခဏ သွားရောက်လေ့ရှိပါတယ်။ ကျွန်တော် အသက် (၂ဝ) ပတ်ဝန်းကျင်ရှိသေးတာမို့ အဆိုပါလူကြီးသူမများ ဆွေးနွေးကြ၊ ငြင်းခုံကြတဲ့ ၎င်းတို့ထိုင်တဲ့ဝိုင်းနဲ့ နီးကပ်တဲ့ အခြားစားပွဲမှာ ကျွန်တော်ထိုင်လေ့ရှိပါတယ်။ မကြာခဏဆိုသလို အဆိုပါလူကြီးသူမများက ကျွန်တော်ရှိရာစားပွဲကို မကြာခဏကြည့်ပြီး ကျွန်တော်စိတ်ပါဝင်စားစွာ နားထောင်နေတာကို အသိအမှတ်ပြုသောအားဖြင့် ကျွန်တော့်အား ပြုံးပြကြပါတယ်။ ကျွန်တော်ကလည်း ကျွန်တော့်ကို ဒီလိုအသိအမှတ်ပြုတာကို စိတ်ထဲက ပီတိဖြစ်မိပါတယ်။ တစ်နေ့မှာ လက်ဖက်ရည်ဆိုင် လူစုခွဲပြန်ကြတဲ့အချိန်မှာ အရပ်အမောင်းကောင်းကောင်းနဲ့ အဆိုပါဝိုင်းမှထလာတဲ့ လူကြီးတစ်ယောက်က ကျွန်တော့်ထံလျှောက်လာပြီး “မောင်ရင် ဒီလက်ဖက်ရည်ဆိုင်ဝိုင်းကို မကြာခဏလာပြီး နားထောင်ပုံထောက်တော့ တော်တော် သဘောကျတယ်နဲ့တူတယ်”လို့ ကျွန်တော့်ကိုပြောတော့ ကျွန်တော်က “အန်ကယ်တို့ ငြင်းကြ၊ ခုံကြ၊ ဆွေးနွေးကြတဲ့ အကြောင်းအရာ အချက်အလက်တွေဟာ ကျောင်းမှာသင်လို့မရပါဘူး။

 ဒီတော့ ကျွန်တော် သဘောကျတာပေါ့ဗျာ”လို့ ပြောလိုက်တဲ့အခါ “မှန်တာပေါ့၊ မင်းဒီလိုစိတ်ဓာတ်ရှိတာ ကောင်းပါတယ်”လို့ပြောရင်း တစ်ဆက်တည်း “ဒါနဲ့ မင်းက ဘယ်ရပ်ကွက်မှာနေတာလဲ။ ဘာလူမျိုးလဲ”လို့ မေးပါတယ်။ “ကျွန်တော်က စကြာနွယ်စဉ်ရပ်ကွက်မှာနေပါတယ်။ ဗမာလူမ်ဳိး၊ အစၥလာမ္ဘာသာကုိးကြယ္သူပါ။ တစ်နည်းအားဖြင့် ဗမာမွတ်စ်လင်မ်ပေါ့ဗျာ”လို့ ဖြေလိုက်ပါတယ်။ အဲဒီလို ကျွန်တော်ကဖြေတဲ့အခါ အဆိုပါပုဂ္ဂိုလ်ကြီးက အတန်ငယ်စဉ်းစားပြီး “စာကြာနွယ်စဉ်ကဆိုတော့ ငါသိပါတယ်ကွာ။ အမှန်တကယ်တော့ ဖဆပလခေါင်းဆောင်ဦးနုက မင်းတို့အမျိုးသားတွေရဲ့ အင်အား၊ ထောက်ခံမှုလိုချင်တာကြောင့် မင်းတို့ကို ဗမာလူမျိုးတွေဆိုပြီး မက်လုံးပေးထားတာ၊ ဒါကို မင်းတို့ခေါင်းဆောင်တွေ လက်ခံဖို့မကောင်းဘူး။ တစ်နေ့ကျရင် မင်းတို့ဟာ ဗမာလူမျိုးမဟုတ်ဘူး”ဆိုတဲ့ ပြဿနာ မင်းတို့ဆီကို ရောက်လာလိမ့်မယ်။ အန်ကယ်ဆက်ပြောချင်တာကတော့ မြန်မာ့သမိုင်းထဲမှာ မင်းတို့လူ့အဖွဲ့အစည်းက နှစ်ထောင်ချီရပ်တည်ခဲ့တယ်ဆိုတာ ငါသိထားသလို မင်းတို့ရဲ့ခေါင်းဆောင်တွေလည်း သိကြပါတယ်။ ဒီတော့ကာ မင်းတို့တစ်မျိုးသားလုံးဆိုင်ရာ သမိုင်းရဲ့ဝမ်းကြာတိုက်မှာ ရှိနေကြတဲ့ တန်ဖိုးများအခြေခံပြီး အမျိုးသားလူ့အစုအဝေးအဖြစ် ရပ်တည်သွားရမှာပေါ့။ ဒါဟာ လူမျိုးတိုင်း၊ လူ့အစုအဝေးတိုင်း ရပ်တည်ကြတဲ့ သဘာဝပါ။
နောင်သောအခါမှ သိလာရသည်မှာ အဆိုပါပုဂ္ဂိုလ်ကြီးဟာ ဖဆပလခေတ် အတိုက်အခံ နိုင်ငံရေးသမားတစ်ယောက်ဆိုတာ သိခဲ့ရပါတယ်။ အဆိုပါပုဂ္ဂိုလ်ကြီး၏ ဖွင့်ဆိုမှုသည်ကား သန့်ရှင်းတဲ့စေတနာတစ်ရပ်ဖြစ်သော်ငြားလည်း ကျွန်တော့်အတွက် တွေဝေ စဉ်းစားစရာများ ဖြစ်ခဲ့ရပါတယ်။ တစ်ဆက်တည်းဆိုသလို ကျွန်တော့်ဦးလေးတော်စပ်သူ ၃၅ လမ်းက ဦးချစ်ဆွေအိမ်မှာ အတော်ကြာကတည်းက ချိတ်ဆွဲထားတဲ့ (ပသီချစ်ဆွေ)ဆိုတဲ့ ဆိုင်းဘုတ်ကို သတိရမိတာကြောင့် ဦးချစ်ဆွေအိမ်ကို ကျွန်တော်တန်းပြီးသွားပါတယ်။ မမျှော်လင့်ဘဲ ဦးချစ်ဆွေနှင့် ပီကင်းပြန် ခြင်းဦးဘသိန်းတို့နှစ်ယောက် စကားပြောနေကြစဉ် ကျွန်တော်ရောက်သွားပြီး အောင်ဇေယျာလက်ဖက်ရည်ဆိုင်မှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်အကြောင်း ပြောပြတဲ့အခါ ဦးချစ်ဆွေက ကျွန်တော့်ကို “အဲဒီပုဂ္ဂိုလ်ကြီးက မင်းကို ကိုယ့်သမိုင်းတွင်း ဝမ်းကြာတိုက်မှာ ပေါ်ပေါက်တဲ့ အမျိုးသားရေးတန်ဖိုးများနှင့်အညီ ရပ်တည်ခြင်းသာလျှင် မှန်ကန်လုံခြုံပြီး ကောင်းမွန်ပါတယ်လို့ မင်းကိုပြောတာ မှန်တာပေါ့ကွာ။ ဒါကြောင့် ငါ့အိမ်ရှေ့မျက်နှာစာမှာ ဗမာမွတ်စ်လင်မ်ချစ်ဆွေလို့ မချိတ်ဘဲ (ပသီချစ်ဆွေ)ဆိုတာ ချိတ်ထားတာပေါ့ကွ”လို့ ကျွန်တော့်ကို ပြောပါတယ်။ ပီကင်းပြန် ခြင်းဦးဘသိန်းကလည်း “ငါ့တူရာ … ခါးသီးနာကျင်ဖွယ်ရာကောင်းတဲ့ သင်ခန်းစာလို့ပဲ သဘောထားလိုက်ပါ”လို့ ကျွန်တော့်ကို နှစ်သိမ့်ပါတယ်။ မမျှော်လင့်ဘဲ ထူးခြားစိတ်ဝင်စားဖွယ်ကောင်းတဲ့တိုက်ဆိုင်မှုတစ်ရပ် ဦးချစ်ဆွေအိမ်မှာပင် ပေါ်ပေါက်ခဲ့ပါတယ်။

 ဒါကတော့ “ပသီချစ်ဆွေဆိုတာ ရှိပါသလား။ ကျွန်တော် ပသီဦးချစ်ဆွေနဲ့ တွေ့ချင်လို့ပါ”ဆိုပြီး အသားဖြူဖြူ၊ နဖူးပြောင်ပြောင်၊ ပိုးတိုက်ပုံအဝါဝတ်ထားပြီး၊ ပိုးတွဲအပြာရင့်ရောင်လုံချည်နှင့် သားရေဟဲန်းဘက်ကိုင်ထားတဲ့ လူတစ်ယောက် ဝင်လာပါတယ်။ ဒီအခါ ဦးချစ်ဆွေက “ထိုင်ပါခင်ဗျာ၊ ကျွန်တော်က ပသီဦးချစ်ဆွေပါပဲ။ ကျွန်တော်ဘာအကူအညီပေးရမလဲ”ဆိုပြီး နှုတ်ဆက်ပါသည်။ ဒီအခါမှာ ဝင်ရောက်လာသူဧည့်သည်က “ကျွန်တော် ဒီလမ်းက အမြဲဖြတ်သန်းပြီးသွားတိုင်း (ပသီချစ်ဆွေ)ဆိုတဲ့ ဆိုင်းဘုတ်ကို မြင်တွေ့ရပါတယ်။ အဲဒီလိုမြင်တိုင်း ကျွန်တော်စိတ်ဝင်စားပြီး သိချင်တာတစ်ခုရှိလို့ အခုလို ပသီဦးချစ်ဆွေအိမ်ကိုဝင်လာပြီး ဆွေးနွေးတာပါ။ ဦးချစ်ဆွေ ဘာကြောင့် (ပသီချစ်ဆွေ)ဆိုင်းဘုတ်ကို ပသီစာလုံးနဲ့တွဲပြီး ဖော်ပြထားတယ်ဆိုတာကို သိချင်တာပါ”လို့ ဧည့်သည်ကမေးတော့ ဦးချစ်ဆွေက “ကျွန်တော့်အနေနဲ့ ဗမာမွတ်စ်လင်မ်ဆိုတာကို လက်မခံပါဘူး။ ဇေရဘာဒီဆိုတာကိုလည်း လက်မခံပါဘူး။ ဘာကြောင့်လည်းဆိုတော့ အမျိုးသားလူ့အစုအဝေးဆိုင်ရာ လူမျိုးရေးအခြေခံ သဘာဝတန်ဖိုးများ ပိုင်ဆိုင်ထားတာမရှိလို့ဘဲ ဖြစ်ပါတယ်။ ဒါတင်မကပါဘူး။ လူမျိုးအားဖြင့် ဗမာ၊ ကိုးကွယ်တာက အစ္စလာမ်ဖြစ်တယ်လို့ ဗမကနှင့် ဖဆပလ က သုံးစွဲခဲ့တဲ့ အမည်နာမကိုလည်း လက်မခံပါ။”

 “ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ တစ်မျိုးသားလုံးအတွင်းမှာ ဗမာလူမျိုးတွေ ပိုင်ဆိုင်ထားတဲ့ လူမျိုးရေးဆိုင်ရာ သဘာဝတန်ဖိုးများ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်းမှာ မရှိလို့ဖြစ်ပါတယ်။ နောင်သောအခါ ကျွန်တော်တို့ တစ်မျိုးသားလုံး ဒေါင်းယောင်ဆောင်တဲ့ကျီးလို ဒေါင်းဘဝလည်းမရ၊ ကျီးကန်းဘဝလည်း ဆုံးရှုံးရဆိုတဲ့ အခြေအနေမျိုးကို ကျွန်တော်တို့ အဖြစ်မခံနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ တစ်မျိုးသားလုံးကို မွေးဖွားသန့်စင်ပေးခဲ့တဲ့ ပသီဘိုးဘွားများအတွင်း ပေါ်ပေါက်ခဲ့တဲ့ အမျိုးသားလူ့အစုအဝေးဆိုင်ရာ အမျိုးသားရေး သဘာဝတန်ဖိုးများနှင့်အတူ အတိတ် ခေတ်အဆက်ဆက်ကနေ မျက်မှောက်ခေတ်အထိ အခိုင်အမာ ရပ်တည်လျက်ရှိနေကြတယ်လို့ ယုံကြည်တာကြောင့် (ပသီချစ်ဆွေ)ဆိုတဲ့ ဆိုင်းဘုတ်ကို တင်ထားတာပါ”လို့ ဧည့်သည်၏အမေးကို ဦးချစ်ဆွေက ဖြေကြားခဲ့ပါတယ်။ ဒီအခါမှာ ဧည့်သည်တော်က “ဦးချစ်ဆွေ အခုလို ပြတ်ပြတ်သားသား ပသီအမျိုးသားအဖြစ် ယုံကြည်ထားတယ်ထင်လို့ အခုလို တွေ့ဆုံ မေးရတာပါ။ ဦးချစ်ဆွေတို့ လူ့အစုအဝေးဟာ ပသီအမျိုးသား လူ့အစုအဝေးဖြစ်တယ်ဆိုတာ လွန်စွာမှ မှန်ကန်လှပါတယ်။ ကျွန်တော်က အစိုးရမဟုတ်တော့ ပသီအမျိုးသားများ၊ ပသီလူမျိုးဖြစ်တယ်ဆိုတာ အသိအမှတ်ပြုမပေးနိုင်တာကို ကျွန်တော်ဝမ်းနည်းပါတယ်။ ကျွန်တော်က ပုဂ္ဂိုလ်ရေးအရ ရာနှုန်းပြည့် ထောက်ခံပါတယ်။ ကျွန်တော်က မန္တလေးတက္ကသိုလ် သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းပါ။

 နောင်ကျရင် ကျွန်တော်တို့ မကြာခဏတွေ့ကြတာပေါ့ဗျာ”လို့ ဒေါက်တာသန်းထွန်းက နှုတ်ဆက်ပြီး ထွက်ခွာသွားပါတယ်။ နောင်သောအခါ ပသီဦးချစ်ဆွေ၊ ပီကင်းပြန် ခြင်းဦးဘသိန်းနှင့် ဒေါက်တာသန်းထွန်းတို့ဟာ မကြာခဏ ရင်းရင်းနှီးနှီး ဆက်ဆံရုံမက မန္တလေးတက္ကသိုလ် ကွန်သာယာသမိုင်းခန်းမမှာ ဦးချစ်ဆွေအား “ပသီအမျိုးသား လူ့အစုအဝေးတစ်ရပ်ဖြစ်တယ်”ဆိုတဲ့ စာတမ်း တင်ခွင့်ပေးခဲ့သလို ခြင်းဦးဘသိန်းရဲ့ “ပသီယဉ်ကျေးမှုများ”စာတမ်းကိုလည်း ဖတ်ကြားတင်သွင်းခွင့် ပေးခဲ့ပါတယ်။ ကျွန်တော့်အား ပသီအမျိုးသားရေးတန်ဖိုးများ သွန်သင်ပေးခဲ့တဲ့ လက်ဦးဆရာ ပသီဦးချစ်ဆွေအား ဤစာတမ်းဖြင့် မော်ကွန်းတင် ဂုဏ်ပြုအပ်ပါသည်။ အေးကြူ - စကြာနွယ်စဉ် (ညီညွတ်ရေးသံစဉ်၊ အတွဲ ၁၊ အမှတ် ၂၊ ၄ ဒီဇင်ဘာ ၂ဝ၁၃)

No comments: