Tuesday, 19 November 2013

Genocide လူမျိုးတုံးသတ်ဖြတ်မှုဆိုတာဘာလဲ နားလည်စေဖို့ ...

ဖတ်ပါ။ နားထောင်ပါ။
ငါတို့ ကျူးလွန်ခံရရင်ကော... ပျော်နိုင်ပါဦးမလားဆိုတဲ့ စာနာစိတ်လေးနဲ့ခံစားကြည့်ပါ။
မှန်တယ်လို့ ယူဆမှ ရှယ်ပေးပါ။

Genocide လူမျိုးတုံးသတ်ဖြတ်မှုဆိုတာဘာလဲ နားလည်စေဖို့ ...

၁၉၄၈ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့CPPCG အပိုဒ် ၂ မှာ နိုင်ငံသားတစ်မျိုးကိုသော်လည်းကောင်း၊ လူမျိုးစုတစ်ခုကိုသော်လည်းကောင်း၊ လူမျိုးတစ်မျိုးကိုသော်လည်းကောင်း၊ ဘာသာရေး အဖွဲ့အစည်းတစ်ခုကိုသော်လည်းကောင်း ကြိုတင်ကြံရွယ်ချက်ဖြင့် အဆိုပါ အစုအဖွဲ့ တစ်ခုလုံး (သို့) ယင်း၏ အစိတ်အပိုင်းအပေါ်

(က) သတ်ဖြတ်ခြင်း

(ခ) အပြင်းအထန် နာကျင်စေခြင်း (သို့) စိတ်ပိုင်းဆိုင်ရာ အနာတရဖြစ်စေခြင်း

(ဂ) တမင်ကြံရွယ်၍ ၄င်းတို့၏ ဘ၀အခြေအနေများကို ဖျက်ဆီးပြီး တွက်ချက်ထားသည့်အတိုင်း တစ်စိတ်တစ်ပိုင်း (သို့) အလုံးစုံ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုများ သက်ရောက်စေခြင်း၊

(ဃ) ကလေးမွေးဖွားမှုကို ကာကွယ်ကန့်သတ်သည့် စည်းမျဉ်းများသတ်မှတ်ခြင်း၊

(င) အင်အားသုံးပြီး ဖိနှိပ်ခံအုပ်စုမှ ကလေးသူငယ်များကို အခြားအဖွဲ့များသို့ ပြောင်းရွှေ့လွှဲအပ်ခြင်း

တို့မှ မည်သည့်အချက်ကိုမဆို ကျူးလွန်ဖောက်ဖျက်ခြင်းကို Genocide (သို့) လူမျိုးတုန်းသတ်ဖြတ်မှုလို့ ဖွင့်ဆို အတည်ပြုခဲ့ပါတယ်။

၁၉၅၆ ခုနှစ် မတ်လ ၁၄ ရက်မှာ မြန်မာနိုင်ငံက ဒီ CPPCG ကို လက်မှတ်ရေးထိုး အတည်ပြုခဲ့တဲ့ member state party တစ်ခုဖြစ်လာပါတယ်။

Geocide အဆင့် ၈ ခုနဲ့ ကာကွယ်တားဆီးနိုင်မှုဆိုင်ရာ အကြံပြုချက်များ
--------------------
1. Classification ( အတန်းအစားခွဲခြားခြင်း)
2. Symbolization (ပုံစံသတ်မှတ်ခြင်း)
3. Dehumanization (လူသားအဖြစ် မသတ်မှတ်ခြင်း)
4. Organization(အုပ်စုဖွဲ့ခြင်း)
5. Polarization (အစွန်းရောက်စေခြင်း)
6. Preparation (ပြင်ဆင်မှုများ ပြုလုပ်ခြင်း)
7. Extermination (အကုန်အစင် သုတ်သင်ခြင်း)
8. Denial (ငြင်းဆန်ခြင်း)

အခုဖော်ပြခဲ့တဲ့ အဆင့် ၈ ခုစလုံးကို မြန်မာနိုင်ငံရှိ မွတ်ဆလင်မ်များအပေါ် ကျူးလွန်ခဲ့၊ ကျူးလွန်နေဆဲဖြစ်တယ်ဆိုတာ ငြင်းမရတဲ့ အခြေအနေ
ရောက်ခဲ့ပါပြီ။ HRW ၊ AI ၊ UN ရဲ့ အထူးအစီရင်ခံစာတွေမှာ တိကျသေချာတဲ့ မှတ်တမ်းမှတ်ရာတွေ ပါရှိခဲ့ပြီးဖြစ်ပါတယ်။ ဆိုတော့ အဆင့် (၇) နဲ့ (၈) မှာတင်ပြထားသလို ဒီမြန်မာမွတ်ဆလင်မ် Genocide ကို ကိုင်တွယ်ဖို့အတွက် ကုလသမဂ္ဂ နိုင်ငံတကာတပ် ဒါမှမဟုတ် ဒေသဆိုင်ရာတပ်တွေကို မြန်မာနိုင်ငံ genocide ဖြစ်ခဲ့တဲ့၊ ဖြစ်နေတဲ့၊ ဖြစ်တော့မယ့်နေရာတွေကို စေလွှတ်ရမှာဖြစ်ပါတယ်။ UN Intervention၊
ကုလသမဂ္ဂကြားဝင်ဖြန်ဖြေမှုအတွက် လိုအပ်တဲ့ resolution ဆုံးဖြတ်ချက်ကို အမြန်ဆုံးချနိုင်ဖို့ genocide ကို မလိုလားတဲ့ မြန်မာနိုင်ငံ ပြည်တွင်း ပြည်ပနဲ့ နိုင်ငံတကာ လူ့အဖွဲ့အစည်းအသီးသီးတို့က အဖွဲ့အစည်းပုံစံဖြစ်စေ၊ တစ်ဦးချင်းပုံစံဖြစ်စေ တွန်းအားပေး တင်ပြရမှာ ဖြစ်ပါတယ်။

လင်းရောင်ခြည်

No comments: