လိုအပ်မယ်ထင်တဲ့ သမိုင်းလောက်ဘဲ
ဖြတ်ကိုးကား ပါရစေ။ သိပ်အသေးစိပ် မသွားတော့ဘဲ၊ လက်ရှိအခြေအနေနဲ့
ငုံမိအောင်ဘဲ ဆွေးနွေးချင်ပါတယ်။ ပြည်မက မွတ်စလင်နဲ့ ပတ်သက်တာကိုဘဲ အဓိကထား
ပြောပါမယ်။
မြန်မာပြည်ကို အစ္စလာမ်သာသနာ မပေါ်ခင် လွန်ခဲ့တဲ့နှစ်
(၁၅၀၀) မတိုင်ခင်ကတည်းက မွတ်စလင်မဖြစ်သေးတဲ့ အာရဗ်၊ ပါရှင်း၊ အိန္ဒိယသား၊
တရုပ် စသည်တို့ ကုန်ကူး၊ စစ်ဝန်ထမ်း၊ အခြေစိုက်တဲ့ သမိုင်းအထောက်အထားတွေ
အခိုင်အမာရှိတယ်။ အစ္စလာမ်သာသနာ ပေါ်ပြီးတော့လည်း အစ္စလာမ်သာသနာကို လက်ခံပြီး
ဆက်လက်အခြေစိုက်ကြတယ်။ သူတို့ကို ကုလား၊ ပန်းသေး(ပန်းသီ)၊ ပသီကုလား၊ ပသီ၊
ဇေတဘာဒီ၊ မြန်မာ(ဗမာ)မွတ်စလင် စသဖြင့်ခေါ်ကြတယ်။ ပသီဆိုတဲ့အသုံးအနှုံးကို
ပုဂံခေတ်ကျောက်စာတွေမှာ ရှိတယ်။
၁၉၄၆ခု ဇန္နဝါရီလမှာ ကျင်းပတဲ့
ရွှေတိဂုံအလယ်ပစ္စယံညီလာခံမှာ ဆုံးဖြတ်ချက် အမှတ်(၆)အရ ဗမာမွတ်စလင်ကို
တိုင်းရင်းသားအဖြစ် ထပ်ဆင့်အတည်ပြုထားတယ်။
သို့သော် ဗမာလုပ်မလား။
ဗမာမွတ်စလင်(ပသီ) သီးခြားလုပ်မလားဆိုပြီး ၁၉၄၆ခု ဒီဇင်္ဘာမှာ ကျင်းပတဲ့
ဗမာမွတ်စလင်ကွန်ဂရက်မှာ ဆွေးနွေးပြီး မဲခွဲကြတယ်။ မဲတူနေတဲ့အတွက် သဘာပတိ
ဦးရာဇတ်ရဲ့ သဘာပတိမဲအရ ဗမာလူမျိုးအဖြစ် ခံယူမယ်လို့ ဆုံးဖြတ်ခဲ့တယ်။
ကန့်ကွက်မဲ တစ်ဝက်အင်အားရှိတဲ့ အုပ်စုက ဗမာလူမျိုးကို လက်မခံဘဲ
ပသီအဖြစ်ခံယူမယ်လို့ ကြေငြာခဲ့တယ်။
ဒိနောက် ပသီလှုပ်ရှားမှု
ဖြစ်ပေါ်ခဲ့သလို မြန်မာ(ဗမာ)ကို မြန်မာ(ဗမာ)က သိရေးဆိုပြီး
မြန်မာမွတ်စလင်တွေက ငါတို့က မြန်မာဖြစ်တယ်။ ငါတို့ကို အခြားမြန်မာတွေ
သိကြပါစေ၊ လက်ခံကြပါစေဆိုပြီး မြန်မာဖြစ်ရေး လှုပ်ရှားမှုကြီးတစ်ခု
ပေါ်ပေါက်ခဲ့တယ်။ အဲဒီလှုပ်ရှားမှုရဲ့ ထင်ရှားတက်ကြွတဲ့
ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးညီညီက မသေခင်မှာ စိတ်ပျက်လက်ပျက်
ပြောသွားတဲ့စကားတစ်ခွန်းက “ဦးလေးက နောက်ဆုံးတော့ ကုလားကြီးပါကွာ”တဲ့။
ဒီစကားမျိုးကိုဘဲ ထပ်တူအတိအကျ ကွယ်လွန်သူ သံအမတ်ကြီးဟောင်းနှင့်
ပင်လုံပိသုကာတစ်ဦးဖြစ်သူ ဦးဖေခင်ကလည်း ရင်နာနာနဲ့ ပြောသွားခဲ့တယ်။
၁၉၅၄မှာ ဦးနုက မြန်မာမွတ်စလင်ဆိုတာ ဘာသာရေးနဲ့ လူမျိုးအမည်တွဲနေလို့
မသင့်တော်ဘူး။ ခင်ဗျားတို့ဟာ တိုင်းရင်းသား မြန်မာတွေဖြစ်တယ်။
မြန်မာမွတ်စလင်လူမျိုးကို မသုံးကြပါနဲ့။ မြန်မာမွတ်စလင်ဆိုပြီး
အဖွဲ့အစည်းတွေလည်း မလုပ်ကြပါနဲ့ဆိုပြီး တားမြစ်ပါတယ်။ ဦးနုပြောတာ
မှန်ပါတယ်။
အဲဒီအခါမှာ မြန်မာကို မြန်မာကသိရေးဆိုပြီး
ကိုယ့်ကိုကိုယ် မြန်မာကြေငြာနေသူတွေလည်း ကုလားဘဲ အခေါ်ခံနေရလို့
စိတ်ပျက်လက်ပျက် ဖြစ်နေကြပြီ။ သမိုင်းအထောက်အထားတွေလည်း ရှိနေတဲ့
ပသီအမည်ကိုဘဲ လွတ်လွတ်ကျွတ်ကျွတ် သီးသီးသန့်သန့် ခံယူမှဖြစ်မယ်ဆိုပြီး
ပသီလှုပ်ရှားမှုကလည်း အတော်လည်း အရှိန်ရနေပြီဖြစ်တယ်။
သို့သော်
၁၉၆၂ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အဖွဲ့အစည်းတွေ၊ လှုပ်ရှားမှုတွေအားလုံး
ရပ်တန့်ကုန်တော့ ပသီနိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေလည်း
အခြားအဖွဲ့အစည်းတွေလို တစ်ခဏန်းရပ်ခဲ့ရတယ်။
ကံဆိုးချင်တော့ ဖအေ၊
မအေ၊ အဖိုး၊ အဖွား၊ အဘီ၊ အဘင်ကအစ ရာခိုင်နှုံးပြည့် တရုပ်စစ်စစ်ကြီး
ဗိုလ်နေဝင်းက သူ့ကိုယ်သူ ကနောင်မင်းသားက ဆင်းသက်လာတာပါဆိုပြီး
မွတ်စလင်တွေကို စကတည်းက နှိမ်ခဲ့တာ ၁၉၈၂ နိုင်ငံသားဥပဒေ
ပြဌာန်းပြီးနောက်ပိုင်းမှာတော့ မြန်မာပြည်မှာ မွတ်စလင်ဖိနှိပ်မှု
အထွဋ်အထိပ်ရောက်ခဲ့တယ်။
အခုအခြေအနေကိုတော့ အထူးရေးမနေတော့ဘူး။
အားလုံးသိနေကြတယ်။ ဦးခင်ရီကလည်း ကျနော်တို့ကို တိုင်းရင်းသား လူမျိုး
(၁၃၅)မျိုးမှာ မပါဘူးဆိုတဲ့အတွက် ပသီလည်း မဟုတ်တော့ဘူး။ မြန်မာမွတ်စလင်လည်း
မဟုတ်တော့ဘူး။ ကျိုလီယာ၊ ပထန်၊ မေမန်၊ ပန်းသေး၊ မြေဒူး၊ ပသျှူး၊ စူရတီလည်း
မဟုတ်တော့ဘူး။ ကုလားနဲ့ ဗမာနဲ့ပေါင်းတဲ့ ကုဗလူမျိုးလည်း မဟုတ်၊
လားမားလူမျိုးလည်း မဟုတ်တော့ဘူး။ လူမျိုးနာမည်က “အခြား”
လူမျိုးဖြစ်သွားပြီ။
ကိုင်း၊ ၂၀၁၄ သန်းခေါင်စာရင်းမှာ ဘယ်လိုဖြည့်မလဲ။
အိန္ဒိယ+မြန်မာ+ဘင်္ဂါလီ+ ရှမ်း+ မွန်+ကရင်+ ဆိုပြီး မှတ်ပုံတင်ထဲမှာ
ရှိတဲ့အတိုင်း ရေးထဲ့ရင်လည်း အခြားလူမျိုးဘဲ။ ကျိုလီယာ၊ စူရတီဆိုရင်လည်း
အခြားလူမျိုးဘဲ။ ပသီ၊ မြန်မာမွတ်စလင် ဆိုရင်လည်း အခြားလူမျိုးဘဲ။
ရွှေမန်းတင်မောင်ရဲ့ ဘုရားအလောင်း လေးတော်တင်ခဏ်းဇာတ်ထဲက အမတ်ကြီးပြောသလို
ဒေဝဒဟသွားရင်လည်း ဟိုကျ အသတ်ခံရမှာဘဲ။ မသွားဘူး ငြင်းရင်လည်း ဒီမှာ
အသတ်ခံရမှာဘဲ။ အသတ်ခံရတာချင်း အတူတူ ခြေညောင်း မခံတော့ဘူးဟေ့။ မသွားဘူး။
ဒီမှာဘဲ အသတ်ခံတော့မယ်ဆိုတဲ့ ကိန်းဆိုက်နေပြီ။
အကြောင်းကြောင်းကြောင့် မိမိဖြည့်ချင်ရာ လူမျိုးအမည်ကို ဖြည့်ချင်သူများ
ဖြည့်နိုင်ကြပါတယ်။ ကျနော်တို့မှာ တိုက်တွန်းခွင့်များ ရှိတယ်ဆိုရင်ဖြင့်
ပသီဆိုတဲ့ အမည်ကို ဖြည့်ကြပါ။
အခုလည်းဘဲ မြန်မာပြည်က
မွတ်စလင်တွေဟာ လူမျိုးအမျိုးမျိုး ကွဲပြားနေကြသော်လည်း၊ သားပေး၊ သမီးယူကို
မွတ်စလင်ဖြစ်ခြင်းပေါ်မှာဘဲ အခြေခံပြီး လုပ်ဆောင်နေကြတာမို့ အခုအချိန်မှာ
ဘယ်လိုဘဲ ကွဲပြားမှု အနည်းငယ် ရှိနေသော်ငြားလည်း တစ်ချိန်မှာ
လူမျိုးတစ်မျိုးအဖြစ်သာ ရပ်တည်လာကြမှာမို့ ခြေညောင်းခံပြီး ဟိုလူမျိုး
ဒီလူမျိုး လုပ်မနေကြပါနဲ့။ ပသီလိုက်ကြပါဗျာလို့ မေတ္တာရပ်ပါတယ်။
ပသီဖြစ်လည်း အခြားလူမျိုးဖြစ်မှာကို ကျနော်တို့ သိထားပါတယ်။ ပသီဆိုတဲ့
Unified Entity အမည်တစ်ခုတည်းအောက်မှာ တစ်စုတစ်ဝေးတည်း ရှိနေခြင်းက
ညီညွတ်ခြင်းဆိုတဲ့ မင်္ဂလာကို ပေးပါတယ်။ ညီညွတ်ခြင်း ရှိမှသာ
အောင်မြင်မှုဆိုတာကို ရနိုင်တယ် မဟုတ်ပါလား။
အန်ကလ် ဦးအောင်ရဲ့ ဖေစ်ဘွခ်စာမျက်နှာမှ-၂၀၁၄သန်းခေါင်းစာရင်းကိစ္စရှင်းလင်းချက်။
No comments:
Post a Comment