မေး။ ။ ပထမအဆင့်အားဖြင့်။ ။ မြန်မာမွတ်စလင်လူမျိုးစု (သို့မဟုတ်) ပသီလူမျိုးစု (သို့မဟုတ်) အခြားအမည် တစ်ခုခုဖြင့် ခေါ်တွင်သော လူမျိုးစုအဖြစ် သတ်မှတ်သည် ဆိုကြပါစို့၊ အစ္စလာမ်ဘာသာ ကိုးကွယ်သူများကိုသာ ထိုလူမျိုးစုတွင် ပါဝင်စေရပေလိမ့်မည်။ သို့ဖြစ်ရာ မြန်မာမွတ်စလင် တစ်ဦး(သို့မဟုတ်) ပသီလူမျိုးတစ်ဦးသည် အခြားဘာသာတစ်ခုခုသို့ ပြောင်းသွားလျှင် မည်သည့်လူမျိုး ဖြစ်မည်နည်း။ - - တစ်နည်းအားဖြင့်ဆိုလျှင် ဘာသာရေးကို လူမျိုးရေးဖြစ်အောင် ဖန်တီးလိုသည့် ဘာသာရေး အယူသည်း စိတ်ကူးယဉ် အယူအဆသာ ဖြစ်ပေသည်။
ဖြေ။ ။ မြန်မာမွတ်စလင်(ခေါ်) ပသီသည် လူမျိုးအသစ်မဟုတ်ဘဲ၊ ဥပဒေမဲ့ ထင်ရာစိုင်းတတ်တဲ့ လူမျိုးရေး ဘာသာရေး အစွန်းရောက် စစ်အစိုးရတွေရဲ့ မတော်မတရား ဖျောက်ဖျက်ခံထားရတဲ့ တရားဝင် တိုင်းရင်းသား လူမျိုးတစ်မျိုးဆိုတာကို ဦးကိုကိုလတ် သိစေချင်ပါတယ်။ လူမျိုးအသစ်တစ်ခု ဖန်တီးနေတာ မဟုတ်ပါဘူး။
အထက်ပါမေးခွန်းကို ဖြေရရင် ပသီလူမျိုးက အခြားဘာသာကိုးကွယ်ရင် ဗုဒ္ဓဘာသာဝင် ပသီလူမျိုး၊ ခရစ်ယာန်ဘာသာဝင် ပသီလူမျိုးဖြစ်မှာပါ။ ဒါကြောင့်လည်း သမိုင်းဝင် Gazetted Name အမည် မြန်မာမွတ်စလင်ဆိုတဲ့အမည်ကို ဘာသာရေးနှင့် မရောစေလို၍ ပြောင်းလဲပြီး ပသီကိုရွေးခြင်း ဖြစ်ပါတယ်။
မေး။ ။ ဒုတိယအဆင့်အားဖြင့်။ ။အထက်ပါမှ ကျော်လွန်နိုင်သော အခက်အခဲကို ကျော်လွန်နိုင်ပြီ ထားကြဦးစို့၊ အမျိုးအနွယ်အသီးသီးမှ အစုစုဖြစ်နေသော ပြည်ထောင်စုသား မွတ်စလင်တို့အားလုံးကို စုပေါင်း၍ လူမျိုးစု တစ်ခုအဖြစ် သတ်မှတ်နိုင်မည်လော။ ရခိုင်မွတ်စလင်များ၊ ကမန်မွတ်စလင်များ၊ မြိတ်ခရိုင်တွင် ပသျှူးနွယ် မွတ်စလင်းများ၊ မြန်မာနိုင်ငံအရပ်ရပ်တွင် တရုတ်နွယ် မွတ်စလင်များ၊ ကရင်၊ ကယား၊ ကချင်၊ ရှမ်း၊ မွန်၊ ရခိုင် လူမျိုးများထဲမှ မွတ်စလင်များ၊ -
ဖြေ။ ။ မြန်မာမွတ်စလင်တစ်ဦးနှင့် ဗုဒ္ဓဘာသာဝင်တစ်ဦး လက်ထပ်ပြီး ဗုဒ္ဒဘာသာ ကူးပြောင်းကိုးကွယ်ကာ မြန်မာလူမျိုးအဖြစ် ခံယူသူတွေ အများကြီး ရှိပါတယ်။ ပသီမဖြစ်ချင်သူများ ပသီခံယူစရာ မလိုပါ။ မိမိကိုယ်ကို ကရင်၊ ဗမာ၊ ချင်း၊ ပန်းသေး၊ မြေဒူး စသည်ဖြင့် ယုံကြည်၍၄င်း၊ ကရင်တွေ၊ ဗမာတွေ၊ ချင်းတွေကလည်း ၄င်းတို့၏ လူမျိုးစုဝင်အဖြစ် အသိအမှတ်ပြုခံရသဖြင့်၎င်း အဲဒီလူမျိုးအဖြစ် ခံယူလိုသူများ ခံယူနိုင်ကြပါတယ်။
မေး။ ။ တတိယအဆင့်အားဖြင့်။ ။ အထက်တွင် ဖော်ပြခဲ့သော အခက်အခဲကြီး နှစ်ရပ်ကို ကျော်လွန်နိုင်ကြပြီ ဆိုကြပါစို့၊ မြန်မာမွတ်စလင်လူထုအား လူမျိုးစုတစ်ခုအဖြစ် သတ်မှတ်ပြီးပြီ ဆိုပါစို့၊ လူဦးရေအချိုးကျ တွက်ပြီး လူမျိုးစုလွှတ်တော် ရွေးကောက်ပွဲနယ်မြေများနှင့် ဒေသန္တရ ရွေးကောက်ပွဲနယ်မြေများကို မြန်မာမွတ်စလင်သာ ယှဉ်ပြိုင်အရွေးခံနိုင်ရန် တောင်းဆိုကြရန် ဖြစ်လာပေလိမ့်မည်။ လူမျိုးစု လွှတ်တော် ရွေးကောက်ပွဲ နယ်မြေတစ်ခုသည် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ၃/၄ နေရာလောက် ကျယ်ဝန်းသည့် မဲဆန္ဒရှင်များတွင် အခြားဘာသာဝင် တိုင်းရင်းသားတို့က လူများစုချည်း ဖြစ်မည်ဖြစ်ရာ ဤတောင်းဆိုချက် သည် လိုက်လျောနိုင်သော တရားမျှတသော တောင်းဆိုချက် ဖြစ်နိုင်မည်လော၊
ဖြေ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေက တိုင်းရင်းသားလူမျိုးတိုင်းကို ပေးအပ်ထားတဲ့ အခွင့်အရေးကို ကျနော်တို့က အများနည်းတူ ရယူခြင်းသာဖြစ်ပါတယ်။ လူနည်းစု လူများစုဆိုတာ မြန်မာတစ်ပြည်လုံးက နေရာတိုင်း၊ မဲဆန္ဒတိုင်းမှာ ရှိပါတယ်။ အခြားလူနည်းစုတွေ ရင်ဆိုင်ရသလို ကျနော်တို့လည်း အေးအတူ ပူအမျှ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
မေး။ ။ စတုတ္ထအဆင့်အားဖြင့်။ ။ အထက်ပါ မကျော်လွှားနိုင်သော အရှုပ်အထွေးများ၊ အခက်အခဲများကို ဘာပဲဖြစ်ဖြစ် ကျော်လွှားနိုင်ပြီဟု စိတ်ကူးယဉ်လိုက်ကြပါဦးစို့၊ မြန်မာမွတ်စလင်တို့သည် လူဦးရေ အချိုးကျ၊ ဒေသန္တရ ကိုယ်စားလှယ်တွေက ဒေသန္တရအဖွဲ့တွေမှာ နည်းနည်း ပါဝင်နိုင်ကြပြီး၊ လူမျိုးစုလွှတ်တော်မှာ အမတ်နည်းနည်း ရပြီးကြပြီဆိုပါစို့၊ ထိုပုဂ္ဂိုလ်များက မြန်မာမွတ်စလင်များအတွက် ဘာတွေ ထူးထူးခြားခြား လုပ်ပေးနိုင်ပါမည်လဲ၊
ဖြေ။ ။ ဒါကတော့ ဒီမိုကရေစီဘဲဗျာ။ ကြံ့ဖွံ့အမတ်တွေ လွှတ်တော်ထဲမှာ ရိုက်သတ်လို့တောင် မကုန်ပါဘူး။ သူတို့ကော ပြည်သူအတွက် ဘာလုပ်ပေးနေလို့လဲ။ မလုပ်ပေးရင် နောက်ရွေးကောက်ပွဲမှာ ဖြုတ်ချနိုင်ပါတယ်ဗျာ။
မေး။ ။ အထက်ပါအကြောင်းအရာများကို ထောက်ထားကြည့်ရှုခြင်းအားဖြင့် ….
(၁) မြန်မာမွတ်စလင်တို့အား အစ္စလာမ်ဘာသာရေးကို အခြေပြု၍ လူမျိုးစုတစ်ခု သီးခြားဖန်တီး၍ မဖြစ်နိုင်။ (၂) မဖြစ်နိုင်ဘဲ မျက်စိစုံမှိတ်ကာ ဖန်တီးရန် အတင်းကြိုးစား လှုံ့ဆော်ခြင်းအားဖြင့် တိုင်းရင်းသား လူထု အချင်းချင်း ရရှိပြီး နားလည်မှုများကို ထိခိုက်ပျက်ပြားစေနိုင်သည်။ (၃) မကျော်လွှားနိုင်သော အခက်အခဲအမျိုးမျိုးကို စွန့်စား ကျော်လွှားနိုင်သည်ထားဦး၊ လက်ရှိအကန့်အသတ်မရှိ ရရှိနေသော အခွင့်အရေးများကို အချိုးကျ စနစ်ကြောင့် လျော့ပါး ဆုံးရှုံးနိုင်သည်။ (၄) မြန်မာမွတ်စလင်များအတွက်ရော၊ ပြည်ထောင်စုအတွက်ပါ သားစဉ်မြေးဆက် ဘာသာရေး နှင့် လူမျိုးရေး ပဋိပက္ခ အမွေးဆိုးတစ်ခုကို ထားခဲ့သကဲ့သို့ ဖြစ်လိုက ဖြစ်နိုင်ပေလိမ့်မည်။ ထို့ကြောင့် မြန်မာမွတ်စလင်တို့သည် လူမျိုးစုတစ်ခု ဖြစ်လည်းမဖြစ်နိုင်၊ ဖန်တီးရန်လည်း မကြိုးစားအပ်၊ ဖြစ်လိမ့်မည်ဟုလည်း စိတ်ကူးမယဉ်သင့်ပေ။
ဖြေ။ ။ ကျနော့ရှင်းပြချက်များကို ထောက်ထားကြည့်ရှုခြင်းအားဖြင့်
(၁) ပသီသည် ဘာသာရေး အခြေခံသော လူမျိုး လုံးဝ မဟုတ်ပါ။ လူမျိုးသစ် ဖန်တီးခြင်းလည်း လုံးဝ မဟုတ်ပါ။ ဖျောက်ဖျက်ခံထားရသော လူမျိုးကို ပြန်လည်ဖေါ်ထုတ်ခြင်းဖြစ်သည်။
(၂) သမိုင်းဝင် တိုင်းရင်းသား သွေးချင်းတစ်ဦး ပြန်လည်အသိအမှတ်ပြုခံရခြင်းကို တိုင်းရင်းသားတွေက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြမှာပါ။ ကြိုဆိုအောင်လည်း ကျနော်တို့ ကြိုးစားကြရမယ်။ လူမျိုးရေး ဘာသာရေး အစွန်းရောက်တွေရဲ့ လိမ်ညာလှုံ့ဆော်မှုတွေကြောင့် ဦးကိုကိုလတ်က နားလည်မှု ပျက်ပြားသွားမယ်လို့ စိုးရိမ်ခြင်းဖြစ်နေတယ်လို့ ယူဆပါတယ်။
(၃) အချိုးကျစနစ်ကြောင့် ဘာတွေ ဆုံးရှုံးနိုင်သလဲဆိုတာကို မရှင်းပါ။ မကျော်လွှားနိုင်ဘူးလို့လည်း မယုံကြည်ပါ။
(၄) မိမိလူမျိုးကို အဖျောက်ဖျက်ခံထားရလို့ ပြန်ဖေါ်ထုတ်ရင် ဘာသာရေး လူမျိုးရေး ပဋိပက္ခအမွေဆိုး ထားသလိုဖြစ်မယ်ဆိုတဲ့ ယုတ္တိဗေဒကို နားမလည်ပါ။ ယုတ္တိကျသည်လည်း မထင်ပါ။ မတရားအဖျောက်ဖျက်ခံထားရတဲ့ မိမိရဲ့ မွေးရာပါ တိုင်းရင်းသားဖြစ်ပိုင်ခွင့်ကို မတောင်းဆိုသူတွေကိုသာ သမိုင်းက တာဝန်မဲ့သူတွေအဖြစ် ဒါဏ်ခတ်ခံရမှာ ဖြစ်ပါတယ်။
အောင်တင်
31 October 2013 at 22:40
No comments:
Post a Comment